Wednesday, March 21, 2012

လူထုအသံ

နိုင်ငံတော်မြေများကို အစိုးရအဖွဲ့ ဌာနဆိုင်ရာအုပ်ချုပ်သူများနှင့် လွှတ်တော်အမတ် ပူးပေါင်း၍ လက်ညှိုးထိုး အပိုင်ယူ ပြန်ရောင်းစားကြပြီး စီးပွားရှာ လူမဆန်ကြသူများ

ယခုလက်ရှိ နိုင်ငံတော်အစိုးရအဖွဲ့နှင့် လွှတ်တော်အတွင်းရှိ အမတ်များ အပေါ် အယုံအကြည် မဲ့စေတဲ့ လုပ်ရပ်များ၊ ငါးခုံးမ တကောင်ကြောင့် တလှေလုံးပုတ်သည့် လုပ်ရပ်များကိုရန်ကုန်တိုင်းဒေသကြီး   ရွှေပြည်သာမြို့နယ် အမှတ် (၄) လမ်းမကြီးနှင့် မြို့ပတ်လမ်းအကြားတွင် ရှိသော မြေကွက်မှာ   မြေကွက်များဖော်၍ မြေကွက်များ ရယူခြင်း၊ ပြန်လည် ရောင်းစားနေခြင်းများ  ပြုလုပ်နေကြသည်။
 မြို့ပတ်လမ်းမှာရှိတဲ့ အိမ်များသည် အရှေ့အရပ်ကို မျက်နှာမူပြီး ဆောက်လုပ်ထားတဲ့ အိမ်များ ဖြစ်ကြ သည်။ ယခု မတရား ဖော်ထုတ်ထားသော မြေကွက်သည် အတန်းတတန်းထဲသာ ဖြစ်ပါသည်။ ကျော 
   ချင်းကပ်၍ ဖော်ထုတ် မရနိုင်ပါ။ အရှေ့ အရပ်မှာရှိတဲ့ အမှတ် (၄) လမ်းမဘက်သို့ မျက်နှာမူ၍ အိမ်ဆောက်လုပ်ပါက မြို့ပတ်လမ်းတွင် ရှိသော အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ နေအိမ်များ၏ မျက်နှာ စာသည် ယခု ဖော်ထုတ်နေသော မြေကွက်များ၏ နောက်ဖေး၊ အနောက်ဘက်ခြမ်းကို မျက်နှာမူနေ မည် ဖြစ်ပါသည်။ မည်သည့်လူမျိုး ဖြစ်ပါစေ ကိုယ်အိမ်ရှေ့သည် တခြားအိမ်၏  မိလ္လာကန် ထားရှိရာ   နောက်ဖေးအဖြစ်နဲ့ မည်သူမျှ မနှစ်သက်ကြပါ။ တကိုယ်ကောင်းဆန်သော မိမိ အကျိုးသာ သိသောသူ များ၏ လုပ်ရပ်များပင် ဖြစ်ပါသည်။

လူသားတိုင်း ပြင်းထန်စွာ ကန့်ကွက်ကြရမည့် လူအခွင့်အရေးပင် ဖြစ်သည်။ လူသားအချင်းချင်း လူစိတ်မ ရှိသော သူများသာ ဖြစ်ကြောင်း ဖော်ပြကြတဲ့ ရန်ကုန်တိုင်းဒေသကြီးနှင့် မြို့နယ်စည်ပင်သာရာရေးကော် မတီ၊ အိုးအိမ်နှင့် မြေတိုင်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရွှေပြည်သာ မဲဆန္ဒ နယ်   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး အစရှိတဲ့ သူများသာ ဖြစ်ကြသည်။ အဲဒီလူတွေကို မေးကြည့်ချင်ပါတယ်။

‘ခင်ဗျားတို့ရဲ့ အိမ်ရှေ့မှာ အိမ်သာ ဆောက်ကြပါလားလို့’

ဘာကြောင့်လဲဆိုတော့ အဲဒီအကွက်မှာ ရွှေပြည်သာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက သုံးကွက် ယူထားခြင်း၊ အုပ်ချုပ်ရေးမှူးကလည်း ယူထားတယ်။ စည်ပင်ကလည်း ယူထားတယ်။ ပြန်ရောင်းစားထားတာက သိန်း ၄၀၀ ကျော်နဲ့ မနှစ်က (၂၀၁၁ ခုနှစ်ကပေါ့)။ အဲဒီလူတွေက အာဏာတွေ သုံး ကိုယ်ကျိုးစီးပွားလုပ် ဌာနဆိုင်ရာ ပူးပေါင်းကြပြီး လုပ်စားနေကြတာ ဒီတနေရာတည်း မကဘူး၊ မီးရထား မြေကွက်တွေတောင် ပါနေတာ ရွှေပြည်သာ မြို့နယ်နေ ပြည်သူတွေ အကုန်သိ။ ယခု မြို့တော်ဝန် မတက်သေးတဲ့ အချိန်၊ ရွေးကောက်ပွဲပြီးတဲ့ အချိန် အစိုးရအသစ်ကို အာဏာ မလွှဲခင် တပတ် အလိုလောက်က စပြီး ပေါင်းလုပ်နေကြတာပါ။ မြို့တော်ဝန် အသစ် လဲတက်လာတော့ အားလုံး ရပ်သွား တယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ စည်ပင်သာယာရေး ဝန်ထမ်းတွေ အပြောင်းအလဲ လုပ်လိုက်တယ်။   မြေကွက်လည်း ရပ်သွားတယ်။ သိပ်မကြာပါဘူး အခု ပြန်လုပ်နေကြတာ ပြောင်ပြောင်တင်းတင်းပဲ။ ဒီမြို့တော်ဝန်လည်း ကြာတော့ အကျင့်ပျက်သွားပြန်တာပဲ။
အဲဒီ ရပ်ကွက်က အငြိမ်းစားဝန်ထမ်းကြီးများ ရပ်ကွက်ပါ။ ဦးတင်မောင်ဦးကလည်း ဗိုလ်မှူးကြီး အငြိမ်းစားဖြစ်ကာ ခလရ (၁၄)၊ ခလရ (၂၇)၊ ရကတ၊ ခလရ (၉၉)၊ ခမရ (၄၃၅)၊ ရကတ၊ ခလရ (၂၉)၊ ခလရ (၈၄)၊ နပခနှင့် တမခ (၅) တို့တွင် တာဝန် ထမ်းဆောင်ခဲ့တဲ့သူပါ။ဒါဆိုရင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဆိုတာ လူတိုင်း သိပြီးသားပါ။ရပ်ကွက်ကလူကြီးတွေက လွှတ်တော်အမတ် ဦးတင်မောင်ဦးကို ဒီကိစ္စ ဖြေရှင်းပေးဖို့ သွားပြောကြတော့ အဲဒီ အမတ်က ဘာပြောတယ် ထင်လဲ။

‘ကျွန်တော်လဲ မတတ်နိုင်ပါဘူး၊ မလုပ်ပေးနိုင်ပါဘူးတဲ့’ နောက်မှ သိတာကတော့ သူပါ ပူးပေါင်း ကြံထားတာကိုး။ သက်ဆိုင်ရာ ဌာနပေါင်းစုံက ဝန်ထမ်းတွေကလဲ အားလုံးသိတဲ့အတိုင်း ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ဆိုတော့ ပေါင်းစားလို့ ကောင်းကြတာပေါ့။ ဒါဟာ နိုင်ငံရေးကို ခုတုံး လုပ်ကြတာ။ အာဏာကို အလွဲသုံးစား လုပ်ကြတာ။ ဒီလို လူတွေ ပါတီမှာကော ရှိသင့်သလား၊ အစိုးရအဖွဲ့ထဲမှာကော ရှိသင့်သလား။ ဦးတင်မောင်ဦး အိမ်ကတော့ ရပ်ကွက် အတွင်းပိုင်းမှာပေါ့။ ငါ လွှတ်တော်အမတ် ဖြစ်တော့မှ မြို့ရဲ့အဝင် လမ်းမတန်း နေရာကောင်းမှာ လက်ညှိုးထိုး ယူပြစ်မယ်လို့ ဘယ်အချိန်ထဲက ကြံထားသည် မသိ။ တိုင်းပြည်အတွက် တော်တော် အကြံကြီးပါလား။ ဒါကို အခု အစိုးရ၊ လွှတ်တော်ထဲမှာ အများဆုံး အနိုင်ရထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လူတွေက မသိတာလား၊ သူတို့လည်း ဒီလိုပဲလား။ တိုင်းပြည်အတွက် တော်တော် ရင်လေးစရာပါ။ ရွှေပြည်သာမြို့ နယ် တခုထဲလား၊ ဒါကတော့ မြို့နယ်တိုင်းမှာ ရှိတဲ့ ပြည်သူတွေ အသိဆုံး ဖြစ်မှာပါ။ သူတို့တတွေ လုပ်ပုံကလည်း တော်တော် ပိုင်ကြတယ်။တယောက်က တင်ပြလိုက် ပြည်သူတွေအတွက် လုပ်ပြသလိုလို နဲ့ လွှတ်တော်က ပယ်လိုက်၊ တင်လိုက် ပယ်လိုက်နဲ့ အချိန်ကုန်။ မီဒီယာတွေကို အစကတော့ အချိုကျွေး တယ်။ နောက်တော့သူတို့အကြောင်းတွေ ပေါ်ပေါ်လာတော့ ရွှေပြည်သာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် “နိုင်ငံတော်ရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာကဏ္ဍမှ ဂျာနယ်လောကတွင် တဖက်သတ် ဘက်လိုက်၍ အရေးအသားများ ပြည်သူ့ရှေ့မှ ပျောက်ကွယ်သွားရေး၊ ပြည်သူ့လိုအင်ဆန္ဒအမှန်အမှားကို သမာသမတ် ကျကျ၊ သိက္ခာရှိရှိ မျှတစွာ ရေးသား ထုတ်ဝေသော တိုင်းကျိုးပြည်ပြု ဂျာနယ်များ ထွက်ပေါ်လာရေးတဲ့။

ဒီလို သတင်းတွေ ထွက်လာမှာစိုးလို့ အရင် ပိတ်ထားလိုက်တာ။ ဘယ်ဂျာနယ်မှလည်း ဒီလို သတင်းမျိုး ကို ရေးခွင့် မပေးတော့ဘူး။ စာပေစစ်ဆေးရေးက ခွင့်မပြုတော့ စတုတ္ထ မဏ္ဍိုင်စစ်စစ် ဖြစ်ပေါ်ရေးကို လိုလားတဲ့ ဒီမိုကရေစီနိုင်ငံစစ်စစ် ဖြစ်ထွန်းရေးကို လိုလားတဲ့သူ အားလုံး ဘာမှ လုပ်လို့ မရတဲ့ အခြေ အနေ ဖန်တီးထားကြတယ်။ ဒီလိုဆိုရင် ဘယ်ပြည်သူတွေကမှ သတင်းတွေ၊ ဂျာနယ်တွေ မဖတ်တော့ ဘူးပေါ့။ အမှန်တွေမှ မဟုတ်ကြတာ၊ ပြည်သူ့ အသံတွေကို နားထောင်စရာ မလိုတဲ့ အစိုးရအဖွဲ့လား။ လွှတ်တော်လား။ တဖက်သတ် ဘက်လိုက်နေပြီး ပါတီအတွက် ကိုယ်ကျိုး ရှာနေကြသော၊ မိမိအတွက် စီးပွားရှာနေကြသော၊ အကျင့်ပျက်နေကြသော ပါတီဝင်များကိုလည်း ပါတီအတွင်းမှ ပျောက်ကွယ်ရေး၊   ပြည်သူ့အတွက်လည်း အမှန်တရားတွေ ဖော်ဆောင်ပေးရေး၊ သိက္ခာရှိရှိ တရားမျှတစွာ အိုးပိုင် အိမ်ပိုင်   ဖော်ဆောင်ရေးတွေ အတွက် ဘယ်လို လုပ်ဆောင်ကြမလဲ။ အခုတော့ မဟုတ်ပါဘူး၊ ငါ လွှတ်တော် အမတ်ဖြစ်ရေး၊ ငါ အိမ်တလုံးကနေ နောက်တလုံး ပိုင်ဆိုင်ရေး။ လွှတ်တော်အမတ် မဖြစ်ခင်က ဦးတင်မောင်ဦး အနေနဲ့ အိမ်ဘယ်နှလုံးပိုင်ပိုင်၊ ရွှေပြည်သာမြို့ မြေပုံအကွက်တွေ ဘယ်လောက်ပိုင်ပိုင်ပါ။ အခုတော့ ရွှေပြည်သာမြို့ စတည်ကတည်းက မီးတားနယ်မြေ၊ စိုက်ပျိုးရေးနယ်မြေ၊ ရေနုတ်မြောင်းလုပ်ရာ နယ်မြေတွေကို အကွက်အသစ်တွေ ရိုက်ပြီးတော့ အပိုင်စားယူနေ၊ ပြန်ရောင်းနေကြတာ ရပ်ကွက်အကျိုးလား၊ မြို့နယ်အကျိုးလား၊ တိုင်းပြည်အကျိုးလား သေသေချာချာ နားလည်ဖို့ သင့်ပါတယ်။ ဌာနဆိုင်ရာတွေက တာဝန်ရှိတဲ့ အုပ်ချုပ်ရေး အကြီးပိုင်းတွေက အိမ်ရှိပြီးသားတွေပါ။ ကားရှိပြီးသားတွေပါ။ဖုန်းတွေ ရှိပြီးသားတွေပါ။ ထပ်ရှိပြီးရင် ရှိအောင် လုပ်နေကြတာ ဘယ်သူ့အတွက်လဲ၊ ဒီလို လူတွေ အစိုးရအဖွဲ့ထဲမှာ ရှိနေသင့်သလား၊ လွှတ်တော်ထဲမှာလည်း ရှိနေသင့်လား၊ လွှတ်တော်ထဲမှာ ဘယ်သူတင်ပြမလဲ၊ ပြည်သူတွေရဲ့ အသံတွေကို ပြည်သူတွေထဲ မဆင်းဘဲနဲ့ ကားပေါ်ကနေ ကြည့်၊ လွှတ်တော် ထိုင်ခုံတွေကနေ ထိုင်ရက မထဘဲ ဆွေးနွေးနေကြတော့မှာလား။

အမှန်တရားတွေကို ရင်မဆိုင်နိုင်လို့ ဂျာနယ်တွေကိုလည်း ဥပဒေတွေနဲ့ တားဆီးထားကြဖို့ လွှတ်တော်မှ တင်ပြတာလား။ဒီမိုကရေစီ ဆိုတာ ဘာလဲ ပြည်သူတွေက တင်ပေးထားလို့ လွှတ်တော်အမတ်   ဖြစ်လည်းသွားရော ပြည်သူတွေရဲ့ အကျိုး ကြည့်စရာမလို၊ ပါတီအကျိုး၊ ဒီကြားထဲ ငါ အကျိုး ဘယ်လိုယူမလဲ၊ ဒါပဲ စဉ်းစားနေကြတာလား မသိ။ နေရာကောင်း အကွက်ကောင်း မြေနေရာများအား   မိမိ ကိုယ်ကျိုးစီးပွားအတွက် အခွင့်အာဏာများ။ လုပ်ပိုင်ခွင့်များကို အသုံးချပြီး သက်ဆိုင်ရာ တာဝန်ရှိသောသူများ ပူးပေါင်း ဆောင်ရွက်နေကြသည်ကို သိသိသာသာ သိမြင်နိုင်ပါသည်။ ထိုကဲ့သို့ လွှတ်တော်အမတ်များ ရှိနေခြင်း။ သက်ဆိုင်ရာဌာန အကျင့်ပျက် ကိုယ်ကျိုးရှာ ဝန်ထမ်းများ ရှိနေခြင်းများကြောင့် ဘယ်လိုနည်းနဲ့မှ clean government and good governance ကို တည်ဆောက်၍ မရနိုင်ပါ။ သမ္မတကြီး ပြောထားတဲ့ clean government and good governance ပုံဖော်ဖို့ ဒီလို အကျင့် ပျက်နေတဲ့ လွှတ်တော်အမတ် ရှိတဲ့ ပြည်သူ့လွှတ်တော်ကလည်း သန့်ရှင်းနိုင်ပါ့မလား။ ကောင်းတဲ့ အစိုးရကော ဖြစ်နိုင်ပါ့မလား၊ ကိုယ်ကျိုးရှာ လွှတ်တော်အမတ်လား၊ အစိုးရကို ပိုက်ဆံရှာပေးတာလား၊ အစိုးရအဖွဲ့မှာ ရှိတဲ့ လူတွေအတွက် ပိုက်ဆံရှာနေကြတာလား၊ နိုင်ငံတော် ကိုတောင် ရောင်းစားကြ   တော့မှာလား၊ ဒီလို လူတွေက အစိုးရအဖွဲ့တွေမှာ ရှိနေရင်တော့ တိုင်းပြည်အတွက် တော်တော် ရင်လေးစရာ ဖြစ်ရပ်ပါ။

အဲဒီအကွက်မှာ ဂက်စ် (gas) ပိုက်လိုင်း ၂ လိုင်း သွယ်တန်းထားတယ်။ (၄) လမ်းမ၏ ဘေးတွင်လည်း ဂက်စ် (gas)ပိုက်လိုင်း ၁ လိုင်းရှိတယ်။ ဂက်စ် (gas) ပိုက်လိုင်းများ ကြားတွင် တည်ရှိနေသော ယင်းမြေနေရာများတွင်
မြေကွက်များ ဖော်ခြင်း၊ အဆောက်အဦး ဆောက်လုပ်ခြင်းများ မပြုလုပ်သင့်သည့် မြေနေရာ ဖြစ်ပါသည်။ ယင်းမြေကွက်လပ် အနီးရှိ အမှတ် (၄) လမ်းမ၏ အရှေ့ဘက်တွင် ရှိသော ဂက်စ် (gas) ပိုက်လိုင်းသည် (၈.၁၁.၂၀၁၀) နံနက် (၃း၁၅) ခန့်တွင် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး လူ နှစ်ဦး သေဆုံးခဲ့ပါသည်။ မိုးတွင်းဆို ရေတွေ ပြည့်နေတဲ့အကွက်။အခု မြေတွေ ဖို့ထားတော့ ရပ်ကွက်ထဲ ရေတွေ ဝင်လာမှာတော့ အသေအချာပါ။ အဲဒီနေရာမှာ ဂက်စ် (gas) ဆိုင်လည်း တဆိုင်ရှိနေတယ်။ နောက်ထပ် လောင်စာဆီ   ရောင်းတဲ့ ဆိုင်တဆိုင် လုပ်ဦးမယ်တဲ့။ မြို့အဝင်လမ်းက ကျဉ်း၊ အခုတလော ဆီဆိုင်တွေ မီးလောင် ဆိုတော့ ရွှေပြည်သာမြို့နေ ပြည်သူတွေရဲ့ လူ့အခွင့်အရေးလား၊ သူတို့အတွက် အခွင့်အရေးလား။

ဝန်ထမ်းတွေ အကျင့်ပျက်နေကြတာကို လစာ မလောက်လို့ ဆိုတဲ့ အကြောင်းပြချက်က ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး။ လစာတွေသာ ပိုရသွားတယ်။ ကုန်ဈေးနှုန်းတွေသာ ပိုကြီးသွားတယ် အကျင့်ပျက်နေတာကတော့ ပျက်နေမှာပဲ။ ဝန်ထမ်းတွေကို ပြည်သူတွေအပေါ် မတရား အုပ်ချုပ်နေကြတယ် ဆိုရင် ပြည်သူတွေက အဲဒီ ဝန်ထမ်းတွေကို ဥပဒေအရ တရားစွဲလို့ ရတဲ့ ဥပဒေ ခိုင်မာအောင် ပြုလုပ်သင့်တယ်။ တရားဥပဒေအရ အမှန်တကယ် အကျင့်ပျက်တယ်၊ လာဘ်စားတယ်၊ အာဏာ အလွဲသုံးစားတွေ လုပ်တယ်ဆိုရင် အဲဒီ ဝန်ထမ်းတွေကို ဘာလုပ်မလဲ၊ အဲဒီ ဝန်ထမ်းတွေ မတရား ရှာထားတဲ့ စီးပွားရေးတွေကို ပြည်သူ့ငွေအဖြစ် ပြန်သိမ်းမလား။ အကျင့်ပျက် ဝန်ထမ်းတွေ အလုပ်က ထုတ်ပြစ်လိုက်၊ တဆင့်နိမ့် ရာထူး လျှော့ချလိုက်၊ အဝေးနယ်ကို ပို့လိုက်နဲ့ အဲဒီ ဝန်ထမ်းတွေက ထပ်ပီး အကျင့်မပျက်ပါဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ။ ဦးခင်ညွန့်ကို ထိန်းသိမ်းလိုက်တုန်းက သူ့မှာ ရှိတဲ့ စီးပွားရေးတွေ ပြန်သိမ်းလိုက်တယ်လို့ ဖော်ပြကြတယ်။ သူ လွတ်လာတော့လည်း စကား တခွန်း   ပြောတယ်။သူ့ စားဝတ်နေရေး အတွက် အရင် စဉ်းစားရဦးမယ်တဲ့။ သစ်ခွ စိုက်ပြီး အကျယ်ချုပ်မှာ ဝမ်းရေး ဖြေရှင်းရတာပါတဲ့။ သူလည်း ဝန်ထမ်း မပီသတဲ့သူပဲလေ၊ အကျင့်ပျက်လေ။

လူမကောင်းရင် မူနဲ့ ထိန်းရမယ်တဲ့။ မူ မကောင်းရင် လူလည်း မကောင်းနိုင်ပါဘူး ဆိုတဲ့ မြန်မာစကား လူတိုင်း သိကြပါတယ်။ အစိုးရအဖွဲ့ထဲမှာ ရှိနေကြသော အကျင့်ပျက် ဝန်ထမ်းတွေကို ဘယ်လို မူတွေနဲ့ ထိန်းကြမလဲ၊ ဘယ်လို ဥပဒေတွေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ကြမလဲ။ လွှတ်တော်ထဲက အကျင့်ပျက်နေသော အမတ်တွေကို ဘယ်လို ဥပဒေတွေနဲ့ ထိန်းမလဲ။ ဒီလို အကြောင်းတွေတော့ လွှတ်တော်မှာ မဆွေးနွေးကြဘူး။ လွှတ်တော် အမတ်တွေဟာ ပြည်သူတွေက တင်ပေးထားတဲ့သူတွေပါ။ အကျင့်ပျက်နေကြတဲ့ လွှတ်တော်အမတ်တွေကို ပြည်သူတွေက မနှစ်သက်ကြရင် ဘယ်လို တိုင်တန်းရမလဲ၊ ဘယ်လို အရေးယူမလဲ။ ဘယ်ဥပဒေတွေနဲ့ တရားစွဲမလဲ၊ ပြုတ်ချင်ရင် ပြုတ်သွားစမ်းပါစေ၊ အပြင်မှာ အေးအေးဆေးဆေး တသက် စားမကုန်အောင် မတရား ရှာထားပြီးကြပြီလေ။ပြည်သူတွေရဲ့ ရင်ဖွင့် စကားသံတွေကျတော့ ဂျာနယ်တွေ၊ မီဒီယာတွေကို ဥပဒေနဲ့ပိတ်ဖို့ ဆွေးနွေးတယ်။ ဆင်းရဲသား ပြည်သူတွေ ချောင်လည်နိုင်ဖို့ လုပ်နေတာ ပြောနေကြတာ တနှစ် ကြာသွားပြီ။ ပြည်သူတွေ ပိုဆင်းရဲလာတယ်။ တချို့ ဝန်ထမ်းတွေ မြေတွေ လက်ညှိုးထိုး ရောင်းစားနေကြတာက ပိုမြန်နေတယ်။ လစာတိုးဖို့ အပြင်အလုပ်သမားတွေရဲ့ ဝင်ငွေတွေနဲ့ တွက်ပြတယ်။ အနိမ့်ဆုံး ၃၀၀၀ ကျပ်တဲ့။ အဲဒီ အနိမ့်ဆုံး လုပ်အားခရတဲ့ အပြင်လုပ်သားတွေဟာ လုပ်ခွင့်ရှိတဲ့ နေရာတွေကို လမ်းလျှောက်သွားရုံနဲ့ ရောက်တဲ့ နေရာ မဟုတ်ဘူး။ ကားစီးရတယ်။ ရထားက မမှန်။ ကားခက တဆင့်  ထဲ သွားရတဲ့ အလုပ်နေရာ ဆိုရင် ၂၀၀ ကျပ် ၃၀၀ ကျပ်။ နှစ်ဆင့်သွားမှ ရောက်တဲ့နေရာ ဆိုရင်   နှစ်ဆင့်ပေါ့၊ တွက်ကြည်လေ ဒါဟာ ၃၀၀၀ ဆိုတဲ့ ငွေရဖို့ အသွားခရီးပဲ ရှိနေသေးတယ်။ အပြန်ဆိုရင် နှစ်ဆနဲ့ တွက်ကြည့်ပေါ့။ ၃၀၀၀ ရဖို့ သူ ဘယ်လောက် အရင် ရင်းနှီးလိုက်ရပြီလဲ။ ဝန်ထမ်းတွေက ရုံးဖယ်ရီ ဝန်ထမ်းကြိုပို့ကားတွေနဲ့ သွားနေကြတာ အစိုးရလူကြီးတွေ မသိလို့လား။ ဝန်ထမ်းတွေ ရုံးချိန် ဘယ်အချိန်လဲ၊ ရုံးဆင်းချိန် ဘယ်အချိန်လဲ၊ အစိုးရ ဝန်ထမ်း လူကြီးတွေ မသိဘူးလား။

အပြင်လုပ်သားတွေက အနည်းဆုံး ညနေ ၆ နာရီ အလုပ်ဆင်းချိန်ပဲ၊အပြန် နောက်ကျလို့ ကားအခက်အခဲ   ဖြစ်ရင်တော့ မတွေးရဲစရာပဲ။ ခွန်အားလည်း ကုန်သေးတယ်။ သက်သောင့်သက်သာလည်း အိမ်မပြန်နိုင် ကြဘူး။ ဝန်ထမ်းတွေက အများစု ဝန်ထမ်းအိမ်ခန်း ရကြတယ်။ အပြင် အလုပ်သမားတွေက အိမ်ခန်း ငှားနေရတယ်။
ကျန်တဲ့ ပိုက်ဆံလေးနဲ့ မိသားစု စားဝတ်နေရေး ဘယ်လိုဖြေရှင်းမလဲ။ ဒါနဲ့တောင် လွှတ်တော်မှာ ဝန်ထမ်းတွေ လစာ တိုးပေးဖို့ နှိုင်းပြီး တွက်ပြနေသေးတယ်။ ဝန်ထမ်းတွေ အကျင့်ပျက်တယ် လို့   ပြောလိုက်တာနဲ့ သူတို့ရဲ့ လုပ်ငန်းခွင်မှာ အောက်ဆိုက် ရှာလို့ ဖြစ်တာပေါ့။ ဘယ်သူတွေဆီကနေ အောက်ဆိုက် ရှာနေကြတာလဲ။ ရှင်းပါတယ်၊ ဝန်ထမ်း မဟုတ်သော ပြည်သူတွေ  ရဲ့ လုပ်အားတွေက ရတဲ့ ပိုက်ဆံတွေထဲကပေါ့။ ဥပမာပေါ့ လမ်းဘေး ကွမ်းယာဆိုင်လေး ဈေးရောင်း တယ်။ စည်ပင်နေရာအတွက် ပိုက်ဆံပေးရတယ် ဈေးကောက်ပေါ့။ နေရာ မကောင်းရင် ဈေးတမျိုး၊   နေရာ ကောင်းရင် ဈေးတမျိုး။ သူ့ဘာသာသူ ကွမ်းယာကောင်းလို့ နာမည်ရပြီး အရောင်း အဝယ်   ကောင်းတာနဲ့ပဲ စည်ပင်ကပိုက်ဆံ ပိုတောင်းလာတယ်။ မပေးရင် ဆိုင်ဖွင့်ခွင့် မပေးကြတော့ဘူးလေ။ အဲဒီ ငွေတွေကကော နိုင်ငံတော်ငွေ အဖြစ်နဲ့ အကုန်လုံး ရောက်သွားသလား၊ အဲဒါတွေကို လွှတ်တော်မှာ   ဆွေးနွေးပါလား။ တနေ့ ဆိုင်မဖွင့်ရရင် တနေ့ စားဝတ်နေရေးကို လက်လုပ်လက်စားတွေ ဘယ်လို   ဖြေရှင်းကြမလဲ။ အပြင်က အလုပ်သမားတွေက အုပ်ချုပ်ရေး အပိုင်းက ဥပဒေတွေနဲ့ လုပ်ကိုင် စားသောက်ရတာပါ။ မလုပ်ကြည့်ပါလား တခါတည်း အချုပ်ခန်းထဲ ရောက်သွားကြတာပဲ။ အကျင့်ပျက်ဝန်ထမ်းတွေ အကျင့်ပျက်တယ် ဆိုရင် အချုပ်ထဲ တန်းရောက်သွားတာလား။ ဘယ်လို ဥပဒေတွေ၊ မူဝါဒတွေ လုပ်ရင် ကောင်းမလဲဆိုတာ လွှတ်တော်မှာ မဆွေးနွေးကြဘူး။

အခုဆိုရင် ဦးရွှေမန်းက ဝန်ထမ်းတွေ လစာတိုးပေးဖို့ တင်ပြ။ တင်ပြပုံကလည်း ကြည့်ပါဦး။ နိုင်ငံတော် ဘတ်ဂျတ်တွေ ရပ်ပြစ်ပြီး ပေးနိုင်ဖို့ တင်ပြတယ်။ လွှတ်တော်က အမတ်တွေက စီမံကိန်းတွေ ရပ်လို့ မရနိုင်ဘူးလို့ တွက်ပြလိုက်တာနဲ့ လစာတွေ တိုးပေးဖို့ မဖြစ်နိုင်တော့ဘူး။ ဧပြီလ (၁) ရက်နေ့ အတွက် မဖြစ်မနေ စည်းရုံးရေးအတွက် ၃၀၀၀၀ ကျပ် တိုးပေးလိုက်ပါတယ်။ လွှတ်တော်ထဲမှ အားလုံး စည်းဝါးကိုက်ပြီးသားပါ။ မဖြစ်နိုင်တာကို စေတနာ ရှေ့ထားပြီး တင်ပြတာလေ။ လုပ်ပေးတဲ့သူက လုပ်ပေးပါတယ်ပေါ့။ လွှတ်တော်က အများစု ကန့်ကွက်တာကြောင့်ပါပေါ့။ အခု အမှတ်(၄) လမ်းမဘေးမှာလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရရွှေမန်းရဲ့ သားက နေစရာ မရှိလို့ (၆၀) ပတ်လည် မြေကွက် (၅) ကွက်ကို အကောင်းဆုံးနေရာမှာ လက်ဦးမှု ယူထားပါတယ်။ ဓာတ်ဆီဆိုင် ဆောက်ပြီး စီးပွားရှာဦးမယ်လေ။  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး သူရရွှေမန်းက ဝန်ထမ်းတွေ လစာ တိုးပေးရတဲ့ အကြောင်းက ဝန်ထမ်းတွေ လာဘ်ပေး လာဘ်ယူ၊ အကျင့်ပျက်လို့၊ အကျင့်ပျက်တာ လစာတွေ မလောက်လို့တဲ့ အခုတော့ လစာ တိုးမပေးတော့ ဝန်ထမ်းတွေကို တရားဝင် မင်းတို့ စိတ်ကြိုက်သာ အလွဲသုံးစား လုပ်ကြတော့လို့ အမိန့်ထုတ်လိုက်သလို ဖြစ်သွားပါပြီ။အရမ်း အရမ်းကို ဝန်ထမ်းတွေ လစာ တိုးတာထက် ပိုပိုပြီး ပျော်မြူးနေကြတာ သာဓုပါလို့ ပြောရပါတော့မည်။ထပ်ထပ်ပြီးတော့ သေကြပါတော့ အပြင်လုပ်သားပြည်သူတို့ရေ။

လာဘ်ပေးတာ အရင်လို ပေးနေရတာထက် ပိုပြီး ပေးရတော့မယ်နော်။ ဘယ်လို တိုင်မလဲ၊ တိုင်လေ    လစာ မလောက်လို့ လုပ်ကြပါတယ် ဆိုတာ လွှတ်တော်ထဲမှာ တင်ပြပြီးသားလေ၊ ခံပေဦးတော့ လက်လုပ်လက်စားတွေရေ။ သူ့မြေကွက် ဘေးမှာတော့ ရွှေပြည်သာ မယက ဥက္ကဋ္ဌကြီး မြေကွက်၊ ဆက်တိုက် ဆိုသလိုပဲ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူး၊ ပြီးတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး ဦးတင်မောင်ဦးကလည်း အားကျမခံပေါ့၊ နောက်တယောက်ကတော့ သူက အမတ်မဖြစ်ခင် စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌလေ၊ ဒီတော့ စစ်မှုထမ်းဟောင်းက ၅ ကွက်ပေါ့ဗျာ။ ဒါတင်ပဲလား ဆိုတော့ ရှိသေးတယ်ဗျ ကြံ့ခိုင်ရေးပါတီရဲ့ မြို့နယ်ကော်မတီဝင်ကြီး (၇) ဦးက အစဉ်လိုက်။ ကြံ့ဖွံ့ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး ယူထားတဲ့ မြေကွက်တွေက အမှတ် (၅) ရပ်ကွက် သံလမ်းဘေးမှာ မြေကွက်ပေ ၁၀၀ x ၈၀၀ လောက် ရှိတယ်။

ပြီးတော့ ရွှေပြည်သာ VIP ရပ်ကွက် အမှတ် (၂)၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးဘေးက မြက်စိုက်တဲ့   နေရာမှာလည်း တကွက်၊ အခုရွှေပြည်သာ အမှတ် (၄) လမ်းမကြီးဘေးမှာ သူရရွှေမန်းသား   မြေကွက်ဘေးမှာ သူက (၁) ကွက်၊ သူ့မိန်းမနာမည်နဲ့ (၁) ကွက်၊ သူ့သမီးနာမည်နဲ့ (၁) ကွက်။ စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ ဗိုလ်ကြီးမိုးဇော်လှိုင် ကလည်း သူရော၊ သူ့မိန်းမရော (၂) ကွက် ရတယ်။ သူရရွှေမန်းသား မြေကွက်ပေါ်မှာ လက်ဖက်ရည်ဆိုင်လေး ဖွင့်ပြီး မိသားစု ဝမ်းရေး ဖြေရှင်းနေရသူ ဆိုင်ရှင်လေး ခမျာမှာတော့ တငိုငို တရီရီနဲ့ပေါ့။ လျော်ကြေးတော့ ပေးတယ်တဲ့။ သိန်း (၆၀) ဆိုလားပဲ၊ ဟုတ် မဟုတ် မသေချာ၊ ပေး မပေး မသေချာသေး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီနေရာကို သူရရွှေမန်းရဲ့ သားက ယူထားတယ်တဲ့။ သူက ဘာမှ မလှုပ်ရှားသေးဘူး။ လက်ဖက်ရည်ဆိုင် ဖွင့်တဲ့သူက မိုးတွင်း ရေကြီးတော့ သူ့စရိတ်နဲ့သူ မြေကြီးတွေ ဖို့ထားပြီးသား ဖြစ်နေတော့ မလုပ်သေးတာနဲ့ တူပါတယ်။ လမ်းဆုံ ဆိုတော့ နေရာကောင်းတာပေါ့။ အခုလည်း မြန်မာရေပိုင်နက် ပေးလိုက်ရပြီ၊ နောက်မြေပိုင်နက်တွေလည်း ပေးရတော့မယ် ထင်တယ်။ ဘာဖြစ်လဲ အကုန် လက်ညှိုးထိုး ရောင်းစားပြီး နိုင်ငံခြား ထွက်နေလိုက်ရုံပဲလေ။ နိုင်ငံကို ရောင်းစားဖို့တောင် ကြံနေကြတာ မသိဘူး၊ သူတို့ လက်ထက်မှာ အကုန် ရောင်းစား၊ ခပ်တည်တည်နဲ့ နောက်တက်လာမယ့် အစိုးရတွေအပေါ် အခွံပဲ ထားခဲ့မယ်၊ ကဲ ဒေါ်အောင်ဆန်းစုကြည်လည်း ဘယ်လို တိုင်းပြည်ကို ထူထောင်မလဲ၊ နောက်ဆုံး လူထုက ထောက်ခံ တာတွေ များလာရင် နောင် ရွေးကောက်ပွဲမှာ အသာလေး လက်ထဲ ထည့်ပေးလိုက်မယ်၊ အရှုံးခံလိုက်မယ်၊ ကဲ လူထုက ထောက်ခံ အားပေးကြပါတယ် ဆိုတဲ့ ဘယ်ပါတီမဆို ဆက်လုပ်ပေတော့ပဲ။ ပိုင်တယ်နော်။ ဘယ်သူတွေ ဘယ်လို တက်တက် သူတို့ တာဝန် ထမ်းဆောင်နေတဲ့ အချိန် လာဘ်စားပါတယ် ဆိုရင် နိုင်ငံခြားမှ သမ္မတကိုတောင် ပြန်တရားစွဲတင်လို့ ရနေတယ်။ မြန်မာပြည်မှာ ဖြစ်လာနိုင်ပါ့မလား။ ဘယ်တရားရုံးကနေ တရားပြန်စွဲမလဲ၊ ပြည်သူတွေ မတတ်နိုင်ကြဘူးလေ။ အမိမြေကို ဘယ်လို ကာကွယ်ကြမလဲ၊ လောလောဆယ် နိုင်ငံပိုင်မြေတွေကိုတောင် ပြည်သူတွေ မကာကွယ်နိုင်ကြတာလေ။ ဧရာဝတီ မြစ်ဆုံကိုလည်း ဆက်ပြီး လုပ်ဆောင်ကြတော့မယ်တဲ့။

နိုင်ငံတော်သီချင်းလိုပေါ့ ဒါ ဒို့ပြည်၊ ဒါ ဒို့မြေ၊ ဒို့ပိုင်တဲ့မြေ ဒို့ပြည်၊ ဒို့မြေအကျိုးကို ညီညာစွာလေ ဒို့တတွေ ထမ်းဆောင်ပါစို့လေ အမြဲ တာဝန်ကျေ အဖိုးတန်မြေ။

နိုင်ငံတော်သီချင်းဟာ နိုင်ငံတော်ရဲ့ အစိုးရ အဖွဲ့အစည်းတွေကသာ ဆိုခွင့်ရတဲ့ သီချင်းတောင် ဖြစ်နေ သည်။ အစိုးရ အမှုထမ်းတွေ မဟုတ်သော ပြည်သူပြည်သား လုပ်သား ပြည်သူတွေ မြန်မာနိုင်ငံမှာ   နေကြပါသည်။ မြန်မာနိုင်ငံသားတိုင်း နိုင်ငံတော် သီချင်းကို ဆိုပိုင်ခွင့် ရှိကြပါသည်။ အခုတော့ မဆိုရဲတော့ပါ၊ မဆိုနိုင်ကြတော့ပါ၊ သူတို့လို့ ဖြစ်မှာ စိုးရိမ်လို့ပါ။မိမိအိမ်ကို မိမိပြန်ပြီး ဘယ်သူမှ မီးပြန်မရှို့ချင်ကြောင်း ဖော်ပြအပ်ပါသည်။ အဲဒီ မီးတွေ ဘယ်လို ကာကွယ်ကြမလဲ။မလောင်ခင် ဘယ်    လို တားကြမလဲ။ အားလုံး ဝိုင်းဝန်းကြပါလို့။